အရှည်ကြာဆုံး ညတစ်ည
2025-09-25

၂၀၂၂ခုနှစ် ဆောင်းရာသီတစ်ခုရဲ့ ညတစ်ညမှာပေါ့ ရွာမှာလူမရှိသလို တရွာလုံးတိတ်စိတ်နေကြတယ်။ ၈နာရီလောက်ဖြစ်မယ်ထင်တယ် အဲ့အချိန်မှာ သီတင်းတစ်ခုသဲ့သဲ့ကြားရတယ် စစ်တပ်ကစစ်သားတွေရွာထဲဝင်ပြီးလူတွေဖမ်းတော့မယ်ဆိုတာ။ အဲ့ဒီသီတင်းကြားတော့ ဘေးအိမ်ကလူတွေ အိမ်ကအမေအပါအဝင် ဆူညံဆူညံနဲ့ပစ္စည်းတွေ တန်ဖိုးကြီးအရာတွေထုတ်ကြပိုးကြတဲ့အသံတွေပေါ့။ ဘယ်လောက်ပဲ အိမ်နီးနားချင်းတွေ ပစ္စည်းတွေသိမ်းနေပါစေ အဖေနဲ့ကျွန်တော်ကမယုံဘူး ဒီကောင်တွေညမလာပါဘူးပေါ့။ ပြောဆို ဒီလိုသီတင်းတွေက အမြဲလိုလိုကြားနေရတာဆိုတော့ သိပ်မယုံချင်လာေတာ့ဘူး။ ပြောပြီးသိပ်မကြာဘူး ရွာထဲမှာသေနတ်ပစ်သံတွေစကြားရတော့တာပဲ အဲ့တော့မှတစ်ကယ်ပါလာဆိုပြီး အမြန်သိမ်းစရာရှိတာသိမ်းပြီး လွတ်ရာပြေးဖို့ကြံရတော့တာပဲ။ ထိုအချိန်က ခြံကတံခါးတွေ အကုန်ပိတ်ပြီးနေပြီ အိမ်ထဲကထွက်လာပြီးသွားဖို့လုပ်တော့မှ တံခါးသော့ပါမလာသိတယ်။ အားလုံးကပြာနေကြတော့ သော့ဘယ်မှာထားခဲ့မှန်းလည်း မမှတ်မိကြ။ ထိုအချိန်အဖေက သော့ကိုအနီးမှာရှိတဲ့ ပုဆိန်နဲ့ထုဖွင့်တော့တာပဲ သော့ကလည်းအဲ့အချိန်ကြမှအရမ်းလာခိုင်နေတယ် ဘယ်လိုမှမပွင့်ဘူး။ ကံကောင်းချင်တော့ သော့ပြန်ရှာတဲ့ကျွန်တော် သော့တွေ့ခဲ့တော့ အိမ်ကထွက်လာနိုင်ခဲ့တယ်။ လမ်းတစ် လျှောက် မှောင်မှောင်မဲမဲထဲမှာ ဘေးကင်းရာဖြစ်မယ်ထင်တဲ့ ရွာမြောက်ဘက်က အဖွားတို့အိမ်ရှိရာ စိုက်ခင်းတွေဘက်ကို ထွက်လာခဲ့ကြတယ်။ ဟိုရောက်တော့ ကိုယ်တွေလိုပဲ ထွက်ပြေးလာခဲ့ကြတဲ့သူတွေနဲ့ အဖွဲကြသွားခဲ့တယ်။ အဖွဲ့လိုက်ကြီးပဲ စစ်သားမတွေ့နိုင်လောက်မဲ့ ငှက်ပြောခြံကြီးထဲမှာပဲ တိတ်ဆိတ်စွာ ပုန်းခိုနေလိုက်ရတယ်။ အသံမထွက်အောင်ပုန်းနေကြတယ်ဆိုပေမဲ့လည်း အညာသူအဒေါ်ကြီးတွေအလျှောက် သီတင်းဆိုမနေနိုင် သိတာဆိုပြောချင်ဆိုတော့ ရွာထဲ့ကဘယ်သူတော့ပါသွားပြီ ဘယ်သူကိုတော့ရိုက်နှပ်ထားခဲ့တာဆိုတာကို လေသံဖြင့်တီးတိုးလေး ဖောက်သယ်ချနေကြတာပေါ့။ ပုံမှန်ဆို စိုက်ခင်းတွေ လယ်တောတွေ တောတွေဆီသွားရင် မြွေအန္တရယ်ကြောက်ရလို့ သတိထားပြီးသွားကြရတယ်။ ထိုညကတော့ မြွေလည်းမကြောက်ကြ သရဲဆိုတာဘယ်မှာနေမှန်းတောင်မသိ။ မြက်တွေ ကိုင်တွေကြားမှာနေခဲ့ကြတယ် သူတို့ထက်ဆိုးတဲ့ ဘေးအန္တရယ်နဲ့ရင်ဆိုင်ခဲ့ရတော့ အခြားအရာကိုခေါင်ထဲ မထားနိုင်ခဲ့ကြဘူး။
ထိုညက ဘဝမှာအရှည်ကြာဆုံးညတစ်ည တစ်ဘဝစာလောက်တောင်ကြာတယ်လို့ ထင်ခဲ့ရတယ်။ ဘယ်သူမှမအိပ်ရဲခဲ့ကြ ဘေးဝဲယာကိုစောင့်ကြည့်ကြရင်းနဲ့ တစ်ကယ်လို့ အနားရောက်လာခဲ့ကြရင် ဘယ်သူကဘယ်ကိုလူခွဲပြေးမယ် အစီစဥ်ချနေကြတာပေါ့။
ဒီလိုနဲ့ အားလုံးငှက်ပြောခြံကြီးထဲမှာ ညတစ်ညကိုကြာမြင့်စွာ ဖြတ်သန်းခဲ့ကြတယ်။ မနက်အားရုံဦးမှာ ကြားခဲ့ရတဲ့အသံတစ်သံကို မမေ့နိုင်ဘူး။ ရွာနဲ့အဝေး မြောက်ဘက်က ဘုန်းကြီးကျောင်းတစ်ကျောင်းက အုန်းမောင်းခေါက်သံပေါ့ ထိုအသံကိုကြားလိုက်ရတော့ ထိတ်လန့်စွာဖြတ်သန်းခဲ့ရတဲ့ညတစ်ည ပြီးဆုံးသွားကြောင်းကို အချက်ပြနေသလို ခံစားလိုက်ရတယ်။
Crd to original photographs!